(၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ကျင်းပခြင်း
၁။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်(အင်္ဂါနေ့)၊ (၁၀:၀၀) နာရီ အချိန်တွင် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (အဋ္ဌမနေ့)ကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-
(က) ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန် အစည်း အဝေး (အဋ္ဌမနေ့)ကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ၏တင်ပြချက်အရ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ စုစုပေါင်း (၇၂)ဦးအနက် (၆၄)ဦး တက်ရောက်ပြီး (၈၈.၈၉) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ခ) ပထမဦးစွာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့်ဖြေကြားခြင်းကဏ္ဍကို အောက် ပါ အတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(၁) ဦးစိုးခိုင်၊ လေးမျက်နှာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၏ "တိုင်းအတွင်း ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ကွက် အမှတ် (A-6) စီမံကိန်း လုပ်ငန်းအား သိရှိလိုကြောင်း" မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဌေး က အဆိုပါ လုပ်ငန်းအား MPRL E&P Pte.,Ltd က ၂၀၀၇ ခုနှစ်မှ စတင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PSC စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ တစ်ခုတည်းသော ပထမဆုံး ရေနက်ပိုင်း ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်မှု သက်သေခံ လက်မှတ်ရရှိသဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၃၀-၂၀၃၂ ဘဏ္ဍာနှစ်၌ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား ၁၀၀ % ရရှိရေး အထောက်အကူဖြစ်စေနိုင်ကြောင်းနှင့် ယင်းစီမံကိန်း နှင့်ဆက်စပ်၍ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ လျင်မြန်စွာ တိုးတက်လာ မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(၂) ဒေါက်တာစိုးသိမ်း၊ ငပုတောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၏ "သဇင်ကျွန်း ချောင်းကူး တံတားနှင့် သဇင်ကျွန်း-ဒေါင့်ကြီး ကျေးရွာချင်းဆက်လမ်းအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ" မေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဌေး က အဆိုပါ ချောင်းကူးတံတား အရှည်(၁၂၀)ပေအား သံကူကွန် ကရစ်အဖြစ် ဆောင်ရွက်ရန်နှင့် ကျေးရွာအုပ်စုချင်းဆက် အရှည် (၂)မိုင်ကျော် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ရန် ခန့်မှန်းကုန်ကျငွေကို နှစ်အလိုက် နိုင်ငံတော်၏ဘဏ္ဍာငွေ ခွဲဝေရရှိမှု အပေါ်မူတည်၍ ပထမဦးစားပေးအဖြစ် ထည့်သွင်း တွက်ချက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ဖြေကြားသည်။
(၃) ဒေါ်မြင့်မြင့်စန်း၊ ဝါးခယ်မမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏ "ဆိုင်အမှတ်(၁)၊ ရွာလမ်း၊ မင်္ဂလာသိမ်းကျေးရွာ၊ တလိုင်းစုကျေးရွာအုပ်စုသို့ ပြောင်းရွှေ့ဖွင့် လှစ်မည့် (CS 2A) ယစ်မျိုးလိုင်စင်အား ကန့်ကွက်တင်ပြခြင်း" မေးခွန်းကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် က အဆိုပါ ယစ်မျိုးလိုင်စင်စီ အမည်နှင့် တည်နေရာ ပြောင်းရန်အတွက် ထပ်မံ လျှောက်ထားလာခြင်းမရှိကြောင်းနှင့် လျှောက်ထား တင်ပြလာပါက ယစ်မျိုးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလု ပ်နည်းများနှင့်အညီ ကန့်ကွက်လွှာခေါ်ယူ၍ စနစ်တကျ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(၄) ဒေါ်မြင့်မြင့်စန်း၊ ဝါးခယ်မမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏ "ကျမ်းတပ်အုပ်စု အတွင်းရှိ ကျမ်းတပ်နှင့် အဝဗြဲဖြတ်ဖောက်ထားသော စီမံကိန်းမြောင်း ပိတ်ဆို့ထားသည်ကို ပြန်လည်ဖွင့်လှစ်ပေးရေး" မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် က မြို့နယ်စုံစမ်း စစ်ဆေးရေးအဖွဲ့၏ ကွင်းဆင်းစိစစ် တင်ပြ ချက် အရ အဆိုပါ စီမံကိန်းမြောင်းအား ပိတ်ဆို့ရန် မသင့်သောကြောင့် တမံ(၂)ခုအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရန် အတွက် ကျေးရွာအုပ်စု လယ်/စီအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက် ပြီးစီးမှုအခြေ အနေအား ပြန်လည်တင်ပြရန် မြို့နယ်ထွေ/အုပ်မှ ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဖြေကြားသည်။
(၅) ဦးစိုးခိုင်၊ လေးမျက်နှာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၏ "၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၊ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ရှမ်းရွာ-ကျောင်းစု-ရေနောက် လမ်း အား တင်ဒါ ခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အပေါ် မည်သို့စီမံ ဆောင် ရွက်သွားမည်ကို သိရှိလိုကြောင်း" မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဌေး က အဆိုပါလမ်း (၁/၂)မိုင်အတွက် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဓနနေကြယ်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိ သည့် မြေသားလမ်း(၂)မိုင်အတွက် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ဖြင့် ပစ္စည်းတင်ဒါခေါ်ယူ၍ ဌာန၊ အင်ဂျင်နီယာအစုအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ လုပ်ငန်း၏ (၈၀)% ပြီးစီး၍ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ဖြေကြားသည်။
(၆) ဒေါက်တာစိုးသိမ်း၊ ငပုတောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၏ "ပြင်ခရိုင် ကျေးရွာ စိတ္တသုခတံတား ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ" မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းဌေး က အဆိုပါ သစ်သား တံတားအား ကွန်ကရစ်တံတား အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ် သဖြင့် ခန့်မှန်းကုန်ကျငွေကို နှစ်အလိုက် နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး ထည့်သွင်းတွက်ချက်တင်ပြ၍ ရန်ပုံငွေရရှိလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(၇) ဒေါ်မြင့်မြင့်စန်း၊ ဝါးခယ်မမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏ "မြို့နယ်အတွင်း သိမ်းယူ သည့် လယ်မြေများအနက် ပလပ်မြေများ စွန့်လွှတ်ရန်၊ သုံးစွဲပြီးမြေများ နစ်နာကြေး ပေးရန်အတွက် ၁၉၈၀ ခုနှစ်က သိမ်းထားသည်ဟုဆိုကာ မြေပြင် အခြေအနေမှန်ကို လက်မခံဘဲ အမှုပိတ်သိမ်းခြင်းအား ဖြေရှင်းပေးရေး" မေးခွန်း မေးမြန်းခဲ့သည့်အပေါ် ထူးခြားသည့်မေးခွန်းအဖြစ် သတ်မှတ်ပြီး အထူးကိစ္စ တစ်ရပ်အနေဖြင့် တိုင်းဒေသကြီး လွှတ်တော်မှ သီးခြားအဖွဲ့ဖြင့် ဖွဲ့စည်း၍ သုံးသပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
(၈) ဦးအောင်ကျော်မြိုင်၊ အိမ်မဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏ "ညောင်ကုန်း ချောင်းဖျား-သရက်ကုန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အပြီး မသတ်နိုင်ပါက ပြင်/ထိန်းလုပ်ငန်းများဖြင့် အစားထိုးရန် အစီအစဉ်ရှိ/မရှိ" မေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှု နှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဌေး က အဆိုပါ လမ်းအရှည် (၁)မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန် စီစဉ်လျာထား လျက်ရှိကြောင်းနှင့် ကျန်ရှိသည့်လမ်းပိုင်း များအား ပြင်/ထိန်းလုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်ရန် သင့်လျော်သော ဘဏ္ဍာနှစ်တွင် လျာထားတင်ပြပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
(၉) ဦးထွန်းလှ၊ လပွတ္တာမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၏ "သင်္ဃန်းလေး-သင်္ဃန်းကြီး ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးရေး" မေးခွန်းကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းဌေး က အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ Class-A အမျိုးအစား ဖြစ်၍ မြေသားလမ်းအရှည်(၃)မိုင် အသစ်ဖောက်လုပ်ရန် ခန့်မှန်း ကုန်ကျငွေအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်းတွင် လမ်းအဆင့် အတန်း သတ်မှတ်ချက် အလိုက် ရန်ပုံငွေတင်ပြတောင်းခံ သွားမည်ဖြစ်ပြီး ဘဏ္ဍာ ငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဂ) ဥပဒေကြမ်းအတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ၏သဘောထားကို ကော်မတီအဖွဲ့ဝင် ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ်(၂) ဒေါ်ခင်စောမူ က တင်ပြပြီး ဥပဒေပြုရေး ကော်မတီ၏ သဘောထားကို ကော်မတီဥက္ကဋ္ဌ ဒေးဒရဲမြို့နယ်မဲဆန္ဒနယ်(၂) ဦးခင်ဝင်းက တင်ပြသည်။ ယင်းဥပဒေကြမ်းကို အတည်ပြုပေးနိုင်ပါရန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း က ဥပဒေ အတည်ပြု ရေးအဆို တင်သွင်းရာ လွှတ်တော် က အတည်ပြုရန် သဘောတူသဖြင့် အခန်း အလိုက်၊ ပုဒ်မအလိုက်၊ ပုဒ်မခွဲအလိုက်၊ ပုဒ်မခွဲငယ်အလိုက် ဥပဒေကြမ်း တစ်ရပ် လုံးကို အတည်ပြုကြောင်းနှင့် တိုင်းဒေသကြီး လွှတ်တော် ဥပဒေအမှတ် (၄/၂၀၂၀)အဖြစ် ပြဋ္ဌာန်းကြောင်း လွှတ်တော်ဥက္ကဋ္ဌ က ကြေညာခဲ့သည်။
(ဃ) ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးရာကော်မတီ၏ သဘောထားကို ကော်မတီဥက္ကဋ္ဌ ပုသိမ်မြို့နယ် မဲဆန္ဒနယ်(၂) ဦးအောင်သူထွေး က တင်ပြပြီး ဥပဒေပြုရေးကော်မတီ၏ သဘောထားကို ကော်မတီဥက္ကဋ္ဌ ဒေးဒရဲမြို့နယ်မဲ ဆန္ဒနယ်(၂) ဦးခင်ဝင်း က တင်ပြသည်။ ယင်းဥပဒေ ကြမ်းကို အတည်ပြုပေး နိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်း က ဥပဒေအတည်ပြုရေးအဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုရန် သဘောတူသဖြင့် အပိုင်းအလိုက်၊ ပုဒ်မအလိုက်၊ ပုဒ်မခွဲအလိုက် ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် (၅/၂၀၂၀)အဖြစ် ပြဋ္ဌာန်းကြောင်း လွှတ်တော် ဥက္ကဋ္ဌ က ကြေညာခဲ့သည်။
(င) အစီရင်ခံစာတင်သွင်းခြင်းကဏ္ဍတွင် တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုး တိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များစိစစ်ရေး ကော်မတီသို့ ပေးပို့ လာသည့် တိုင်ကြားစာကိစ္စရပ်များအပေါ် ဆောင်ရွက်ချက်အစီ ရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ ကျောင်းကုန်းမြို့နယ်မဲဆန္ဒနယ်(၂) ဦးခင်မောင်ဇော် က တင်သွင်းပြီး ကော်မတီ၏အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားရန်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ က ကြေညာခဲ့သည်။
(စ) ဆက်လက်၍ ရေးရာကော်မတီအဖွဲ့ဝင် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ "ဥပဒေပြုရေးကော်မတီ"၊ "ဥပဒေစိစစ်ရေးကော်မတီ"၊ "စွမ်းအင်၊ ဆက်သွယ်ရေး၊ စက်မှုလက်မှုနှင့်ဆောက်လုပ်ရေးရာကော်မတီ"၊ "တရားစီရင်ရေး၊ ဥပဒေရေးရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက် များစိစစ်ရေး ကော်မတီ"၊ "လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ကော် မတီ"တို့တွင် အမည် စာရင်းလျာထားချက်ပါအတိုင်း ကော်မတီအဖွဲ့ဝင်(၃)ဦးကို အစားထိုးပြင်ဆင် ဖွဲ့စည်း တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့သည်။
(ဆ) ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက် ပုံမှန် အစည်း အဝေးကာလ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေးက တင်ပြရာ လွှတ်တော်က သဘောတူသဖြင့် မှတ်တမ်း တင်ကြောင်း ကြေညာခဲ့သည်။
(ဇ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြီးမြောက်ကြောင်း ကြေညာ ပါသည်။
၂။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကို (၁၂:၄၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။