လွှတ်တော်ပင်မအအောက်အအုံဖွင့်ပွဲအခမ်းအနားမိန့်ခွန်း
မင်္ဂလာရှိလှပါသော နံနက်ခင်းအခါသမယတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ခန်းမ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသော တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းနှင့်ပြည်နယ် အသီးသီးမှ တက်ရောက် လာသော လွှတ်တော် ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဥပဒေချုပ် ၊ စာရင်းစစ်ချုပ် ၊ တရားသူကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီး / ပြည်နယ်လွှတ်တော်ရုံးများမှ ဝန်ထမ်း အကြီးအမှူးများ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ အရာထမ်း/ အမှုထမ်းများ ၊ လွှတ်တော် တည်ဆောက်ရေး ကော်မတီများ နှင့် ဧည့်သည်တော်များ ၊ ဆောက်လုပ်ရေး ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် မြန်မာပြည်သူ / ပြည်သားများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါတယ်။
မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံ ဒီမိုကရေစနစ်သို့ ကူးပြောင်းခဲ့သည်မှာ ယခုဆိုလျှင် (၁၀) နှစ်တာကာလ အတွင်းသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ တွင် ဥပဒေပြုရေးဟာ အဓိက မဏ္ဍိုင်ကြီးဖြစ်သလို ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ် နှင့်အတူ ဥပဒေပြုရေး အခန်းကဏ္ဍမှ ဥပဒေ / နည်းဥပဒေ ကောင်းများ ပေါ်ထွက်လာဖို့ ၊ ပြည်သူတို့ ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ စသည့် ဒီမိုကရေစီ လမ်းစဉ် များနှင့်အညီ ပြည်သူကို ကိုယ်စားပြုသည့် ဒီမိုကရေစီ စနစ် ထွန်းကားရေးအတွက် လွှတ်တော်များ၏ အခန်းကဏ္ဍဟာ များစွာ အရေးပါလာပါတယ်။
ယနေ့မှာတော့ မိမိတို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သည် အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်လို့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောက်ရွက်နေသော တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်အဆောက်အအုံ (၁၄) ခု ပြည့် မြောက်တဲ့နေ့ ၊ ဒီမိုကရေစီစနစ် ထွန်းကား ရေးအတွက် ပြီးပြည့်စုံတဲ့နေ့လည်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ခန်းမကြီး တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လွှတ်တော်တည်ဆောက်ရေးအတွက် ပထမအကြိမ် လွှတ်တော်သက်တမ်း ကတည်းက ဆောင်ရွက်ခဲ့ကြသော်လည်း မြေနေရာ ရွေးချယ်မှု ၊ ဒီဇိုင်းရွေးချယ်မှု စတဲ့ အကြောင်းကြောင်းတွေကြောင့် ဆောက်လုပ်နိုင်ခြင်းမရှိ ကြောင်း သိရှိ ခဲ့ရပါတယ်။ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်း ပထမနှစ်မှာပင် ရွေးချယ် ထားသော မြေနေရာအား မဲခွဲဆုံးဖြတ်ခြင်း ၊ ဒီဇိုင်းပြိုင်ပွဲ ပြုလုပ်ရွေးချယ်ခြင်း ၊ လုပ်ငန်း အပ်နှံခြင်း များဆောင်ရွက်ခဲ့ပြီးဒီဇိုင်းကုမ္ပဏီရဲ့ တွက်ချက်မှု အချိန်ကာလ စောင့်ဆိုင်း နေစဉ်မှာဘဲ ယခုလက်ရှိမြေနေရာထက်ပိုကောင်းတဲ့ မြေနေရာ ရရှိရေး လျှောက် ထားရန် ဖြစ်လာခဲ့ပြီး (၂) လအကြာတွင် လက်ရှိမြေ နေရာမှာဘဲ ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ရောက် ရှိလာပါတယ်။ လက်ရှိမြေနေရာဟာဆိုရင်လည်း ယခင်က ရေဝပ်မြေနေရာ ကိုင်းတောကြီး ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရသည့်အချိန် ကာလ အတွင်း မြေသား ဖို့ခြင်း ၊ ခြံစည်းရိုးကာရံခြင်း ၊ Transformer နှင့် လျှပ်စစ်မီးလုပ်ငန်း စသည့် လုပ်ငန်း (၃) ခု ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်တည်းခိုဆောင် ၊ ဝန်ထမ်းအိမ် ရာ(၃)လုံး ၊ ရေစက် ၊ သံကူကွန်ကရစ်တံတား ၊ ရေမြောင်း စသည့်လုပ်ငန်း (၁၃) ခု ၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ရုံး ၊ ဝန်ထမ်းအိမ်ရာ (၃) လုံး ၊ ဂိတ်တံခါး ၊ ကားပါကင် စသည့်လုပ်ငန်း (၁၄) ခု ၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ခန်းမ အဝင်တံတား ၊ လမ်းမီးတိုင် ၊ လမ်း ၊ မြေယာရှုခင်း ၊ ပရိဘောဂ စသည့်လုပ်ငန်း (၄၅) ခု အား ဆောင်ရွက် နိုင်ခဲ့ပြီး စုစုပေါင်း လုပ်ငန်း (၇၅) ခုအား ဆောင်ရွက်နိုင် ခဲ့ပါသည်။လွှတ်တော်ခန်းမကြီးတည်ဆောက်ရေးကိုတော့ ဘဏ္ဍာရေးနှစ် (၂) နှစ် ခွဲပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ (၂.၈) ဘီလီယံ ၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်မှာ (၂.၉) ဘီလီယံဖြင့် စုစုပေါင်း (၅.၇) ဘီလီယံ ဖြင့် တည်ဆောက်ခဲ့ပါတယ်။ စတင်တည်ဆောက်ဖို့ ဆောင်ရွက်ရာ တွင်လည်း ဖို့မြေဖြစ်တာကြောင့် ပွိုင့်ပေါင်း (၈၁၁) ချက် တွင် (၁) ပေပတ်လည်ထု (၁၀၀)ပေ အရှည်ရှိ Pipe ချောင်းများဖြင့် Foundation ပိုင်းကို ကြံ့ခိုင်စွာ ထည့်သွင်း တည်ဆောက် ထားတဲ့အတွက် ငလျင်ဒဏ် (၅.၅) ရစ်ချစ်တာစကေး အထိ ခံနိုင်ရည်ရှိပါတယ်။ ထို့အပြင် လေယာဉ်ကွင်းအနီးတွင် တည်ရှိနေတာကြောင့် အသံလုံ စနစ်အပါအဝင် System (၁၄) မျိုးဖြင့် ထည့်သွင်းတည်ဆောက်ထားပါတယ်။
လွှတ်တော်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ဒါကော်မတီ ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ၊ ကြမ်းခင်းစျေး ကော်မတီ ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီများကို သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်း ပြီး ဆွေးနွေးခြင်း ၊ အကြံပြုခြင်း ၊ ညှိနှိုင်းခြင်း ၊ မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းများ အကြိမ်များစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အခက်အခဲပေါင်းများစွာကို တွေ့ကြုံခဲ့ရ သော်လည်း ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ အင်ဂျင်နီယာများ ၊ ကျွမ်းကျင် ပညာရှင် များအားလုံး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် လွှတ်တော်အဆောက်အအုံ သစ်ကြီး တည်ဆောက်ပြီးစီးခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်ချက်များကြောင့် နောင်လာမည့် လွှတ်တော် အစည်းအဝေးများ ကို တင့်တယ်စွာဖြင့် ကျင်းပနိုင်မည် ဖြစ်တဲ့အတွက် မိမိအနေဖြင့် လည်းကောင်း ၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လည်းကောင်း အလွန်ဝမ်းမြှောက် ဂုဏ်ယူမိ ပါကြောင်း ပြောကြားလိုပါတယ်။
ယခုလို့ လွှတ်တော်ခန်းမကြီး ဖွင့်လှစ်နိုင်ဖို့ ပထမဦးစွာ ကျေးဇူးတင်ရမှာ ကတော့ မြေနေရာ သတ်မှတ် ရွေးချယ်ခြင်းမှ အစ ယနေ့ ဖွင့်လှစ်နိုင်သည်အထိ တည်ဆောက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေချထားပေးခဲ့ပြီး အဖက်ဖက်မှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ခဲ့ ကြသော တိုင်းဒေသကြီး အစိုးရဖွဲ့ဝန်ကြီးချုပ် နှင့်တကွ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၊ လျှပ်စစ်လမ်းပန်းဝန်ကြီး အပါအဝင် ဝန်ကြီးများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလို ပါတယ်။
ဒုတိယအနေဖြင့် ကျေးဇူးတင်ရမှာကတော့ တည်ဆောက်ရေးကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ မိမိတို့ရဲ့နယ်မြေ တာဝန်များကြားက အချိန်ပေး လာရောက် ပြီး စိတ်ပါဝင်စားစွာနဲ့ ဝိုင်းဝန်းဆွေးနွေးခြင်းဖြင့် အကောင်းဆုံး ရလဒ်ရရှိ အောင် ဆောင်ရွက်ခဲ့ ကြသည့်အပြင် ၊ ဖွင့်ပွဲအခမ်းအနား နီးကပ်လာသည်နှင့် အမျှ မိမိတို့ ဆန္ဒ သဘော ထားများ ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ပြီးပြတ်စေရေး ၊ အနီးကပ် ကြီးကြပ် နိုင်ဖို့ အတွက် အလှည့်ကျ တာဝန်ထမ်းဆောင်ခြင်း ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေး ကော်မတီ
အဖွဲ့ဝင်များကလည်း လွှတ်တော်ခန်းမကြီး ရေရှည်ကြံ့ခိုင်မှုရှိရေး ၊ လှပသေ သပ်ရေး ၊ အရည်အသွေး ပြည့်မီစေရေးများအတွက် လိုအပ်သော စစ်ဆေးမှုများ ၊ ကြပ်မတ် မှုများဆောင်ရွက်ပေးခဲ့ကြသည့်အတွက်ကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုပြော ကြား လိုပါတယ်။
တတိယအနေဖြင့် ကျေးဇူးတင်ရမှာကတော့ လွှတ်တော်တည်ဆောက်ရေး ကော်မတီများမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဌာနဆိုင်ရာများအနေနဲ့ မိမိဌာနရဲ့ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေကြားထဲက လွှတ်တော်တည် ဆောက်ရေး လုပ်ငန်း တွေကို အချိန်ပေးပြီး အကြိမ်ပေါင်းများစွာ အစည်းအဝေးတက်ရောက်၍ အကြံပေး ဆွေးနွေး ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှုတွေကိုလည်း အကြိမ်ပေါင်း များစွာ ဆောင်ရွက်ပေး ခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားလို ပါတယ်။
စတုတ္ထအနေဖြင့် ကျေးဇူးတင်ရမှာကတော့ ကျွန်တော်တို့ရဲ့ လွှတ်တော်ရုံး ဝန်ထမ်း အကြီးအမှူး နဲ့ အရာထမ်း / အမှုထမ်းများ ဖြစ်ပါတယ်။ လွှတ်တော်ဝန်းအတွင်း လိုအပ် သော ဆက်စပ် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက် ၍ ကျန်ရစ်ခြင်းမရှိရအောင် ကြိုတင် စဉ်းစားပြီး အင်ဂျင်နီယာများနှင့် ပေါင်းစပ် ညှိနှိုင်းတွက်ချက်၍ ရန်ပုံငွေများ တင်ပြတောင်းခံ နိုင်ရေး ဆောင်ရွက်ခြင်း ၊ ရရှိသည့် နိုင်ငံတော်၏ ဘဏ္ဍာများ လေလွင့် မှုမရှိစေရေးအတွက် မြေသားဖို့ခြင်း လုပ်ငန်းတွင် မြေကျင်းအရေအတွက် စီစစ်ခြင်း လုပ်ငန်းမှ စ၍ တင်ဒါ လုပ်ငန်း အဆင့်ဆင့် နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီ စေရေး အတွက် ပူးပေါင်း ကြီးကြပ် ဆောင်ရွက် ခြင်းခဲ့သည့် အပြင် လုပ်ငန်းစဉ်အားလုံးမှာ မပါလျှင်မပြီး ၊ ကျရာအခန်း ကဏ္ဍက တက်ကြွစွာပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့ ကြသည့်အတွက် အသိ အမှတ်ပြု မှတ်တမ်းတင်ကြောင်း ပြောကြား လိုပါတယ်။
ပဉ္စမအနေဖြင့် ကျေးဇူးတင်ရမှာကတော့ တည်ဆောက်ရေးလုပ်ငန်းအတွက် တင်ဒါမ ရွေးချယ်မီကတည်းက ပါဝင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ဆောင်ရွက်သည့် အချိန်မှ စ၍ ပြီးစီးသည့်အချိန်အထိ နေ့စဉ်ကြပ်မတ်ဆောင်ရွက်ခြင်း ၊ အပတ်စဉ် အစီရင်ခံစာများ တင်ပြ ခြင်းဖြင့် အဆောက်အအုံကြီး၏ အရည်အသွေး ၊ စံချိန်စံညွှန်း ကောင်းမွန်အောင် ကြီးကြပ် စစ်ဆေး ဆောင်ရွက်ပေးခဲ့သော Project Management Team SYNERGY EPCM Co..,Ltd နှင့် လွှတ်တော်ဝန်းအတွင်းရှိ လမ်း / တံတားများ ၊ ရေမြောင်းများ ၊ ခြံစည်းရိုးများ ၊ လမ်းမီးတိုင်းများ ၊ မြေယာရှုခင်းလုပ်ငန်းများ နှင့် အခြားဆက်စပ်လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ကြီးကြပ် စစ်ဆေးပေးခဲ့သော Project Management Team C-Nine Co..,Ltd တို့ အား ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။
ဆဋ္ဌမမြောက် ကျေးဇူးတင်ရမှာကတော့ လွှတ်တော်ခန်းမကြီး ဆောက်လုပ်ရာတွင် အမြတ်အစွန်းကို အဓိကမထားဘဲ ဆောင်ရွက်ခဲ့ပြီး ၊ ဒီဇိုင်းအားနည်းချက်များကြောင့် လိုအပ်သော ပညာရှင်များဖြင့် ဒီဇိုင်းများ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲခဲ့ရခဲ့ရ သည့် အပြင် မူလတွက်ချက်မှုတွင် ပါဝင်ခြင်းမရှိသည့် လွှတ်တော်ခန်းမကြီးအတွင်း ကျွန်းထည် များဖြင့် အလှဆင်ခြင်း ၊ ခန်းမအဆောက်အအုံ မျက်နှာစာလှပရေး လုပ်ငန်းများအား စိတ်ရင်း စေတနာ ပါစွာဖြင့် ဆောင်ရွက်ပေးခဲ့သည့်အပြင် ၊ PM Team နှင့် အရည်အသွေး စစ်ဆေးရေးကော် မတီဝင်တွေရဲ့ စိတ်တိုင်းကျဖြစ်အောင် စိတ်ရှည် ၊ လက်ရှည်နဲ့ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်ပေးခဲ့တဲ့ Golden Gate International Co..,Ltd ကိုလည်း ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ဒါ့အပြင် ခြံစည်းရိုး ၊ လမ်း ၊ တံတား ၊ ရေမြောင်း ၊ မီးတိုင်း ၊ ကားပါကင် ၊ မြေယာရှုခင်း စသည့် လုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက် ပေးခဲ့ကြသည့် ကုမ္ပဏီများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း ပြောကြား လိုပါတယ်။
နောက်ဆုံးကျေးဇူးတင်ရမှာကတော့ လွှတ်တော် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ လမ်းပိတ်ဆို့မှု ၊ ရေစီးရေလာ ပိတ်ဆို့မှုများ နှင့် နေ့ ၊ ညဆောင်ရွက်တဲ့ လုပ်ငန်းခွင် ဆူညံသံတွေကို သည်းခံပေးခဲ့ကြတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အိမ်ရာ ဝန်းအတွင်း နေထိုင်ကြသူများ ၊ မြို့သူ / မြို့သားများ ၊ တိုင်းသူ/ တိုင်းသားများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ယခုလို လွှတ်တော်ခန်းမအဆောက်အအုံကြီးအား အောင်မြင်စွာ တည်ဆောက်ပြီး စီးခဲ့ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်၊ ဌာနဆိုင်ရာများ နှင့် ကုမ္ပဏီများ အားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့လို့ အောင်မြင် ခဲ့တာဖြစ်ကြောင်း၊ စည်းလုံးညီညွှတ်စွာ ဆောင်ရွက်ခြင်း၏ သမိုင်းမှတ်တိုင် တစ်ခုဖြစ် ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပြောကြားလိုပါတယ်။
လွှတ်တော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိဂုံးချုပ် ပြောကြားလို တာကတော့ ယခုလို လွှတ်တော်ခန်းမအဆောက်အအုံကြီးအား ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မိမိတို့ နိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီ ပြယုဂ်တစ်ခု အနေဖြင့် လည်းကောင်း ၊မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အတွက် လည်းကောင်း ၊ မိမိတို့ သမိုင်း အတွက် လည်းကောင်း ၊ တိုင်းဒေသကြီး ပြည်သူများအတွက်လည်းကောင်း အလွန်ဝမ်း မြောက် ဂုဏ်ယူစရာ အဆောက် အအုံကြီး ဖြစ်ပါကြောင်း နှင့် နောင်လာမည့် လွှတ်တော် သက်တမ်းများတွင်လည်း မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ/ ပြည်သားများ၏ အကျိုး စီးပွားကို ကာကွယ် စောင့်ရှောက် နိုင်သော ဥပဒေများ ပေါ်ထွက်ရေး ၊ အားကောင်းသော ဥပဒေပြု အဖွဲ့ အစည်းတရပ် ပေါ်ပေါက်လာရေး နှင့် ပြည်သူကို ကိုယ်စားပြုနိုင်ရေး အတွက် မိမိတို့ တွေ့ကြုံဖြတ်သန်းခဲ့ရသော အတွေ့အကြုံ၊ အခက်အခဲများ မှတဆင့် သင်ခန်းစာများ ရယူပြီး စိတ်ရင်းစေတနာပါတဲ့ လုပ်နည်း လုပ်ဟန် ၊ အမြော်အမြင် ကြီးမားတဲ့ ကြိုးပမ်း မှုများနှင့်အတူ ပါတီစွဲ ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ အားလုံးဝိုင်းဝန်း ကြိုးပမ်းကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။